ကဲ ကဲ Blossomsလေးတို့ရေ ခါတိုင်းနှစ်တွေ ဒီချိန်ဆိုရင် "စိတ်သစ်လူသစ်နဲ့ နှစ်သစ်ကို စတင်မယ်" ဆိုပြီး ပြောတတ်ကြပေမယ့် ဒီနှစ်မှာတော့ ပြောဖို့ခက်ခဲကြတယ်မလား။ ဆိုတော့ ဒီနှစ်မှာ "စိတ်သစ်လူသစ်"ဖြစ်ဖို့မဟုတ်ဘဲ "စိတ်ကျန်းမာ လူကျန်းမာ"ဖြစ်ဖို့ရာပဲ အာရုံစိုက်ကြရအောင်လားနော်။
အရင်လက ဖြစ်သွားခဲ့ပြီး အခုထိလည်းလှုပ်နေသေးတဲ့ ငလျင်တွေကြောင့် အားလုံး အနည်းနဲ့အများ စိတ်ပင်ပန်းနေကြမယ်လို့ထင်ပါတယ်။ အခုအချိန်မှာ ငလျင်ဒဏ်ကို ခံစားရတဲ့သူတွေက စိတ်ပင်ပန်းနေကြရှာပါမှာ။ ငလျင်ဒဏ်ကို ကိုယ်တိုင်မခံစားလိုက်ရတောင် လူမှုကွန်ယက်မှာတက်လာတဲ့အရာတွေကိုကြည့်ပြီး စိတ်ပင်ပန်းနေကြသူတွေလည်း ရှိမှာပါ။ အမြဲလိုလို ကြောက်ရွံ့တုန်လှုပ်နေရတာတွေ၊ စိတ်မကောင်းစရာအဖြစ်အပျက်တွေကို ထပ်ကာ ထပ်ကာ စဉ်းစားမိနေတာတွေ၊ မိသားစုဝင်၊အသိမိတ်တွေကို ဆုံရှုံးရတာကြောင့် ဝမ်းနည်းတာတွေ၊ အအိပ်အစားမမှန်တာတွေလို အရာတွေက ဒီလိုငလျင်လှုပ်ပြီး လူတွေရဲ့ ပုံမှန်လူနေဘဝကို ပျက်စီးယိုယွင်းစေပါတယ်။
ဒီလိုတွေဖြစ်နေကြပေမယ့်လည်း Blossomsလေးတို့ရဲ့ စိတ်အခြေအနေကို လုံးဝ လျစ်လျူမရှုသင့်ပါဘူး။ အဲ့တာကြောင့် ဒီနေ့မှာ ကျွန်မတို့ The Blossomsရဲ့ Medical Departmentကနေပြီး အရင်လက ငလျင်လို သဘာဝကပ်ဘေးကြီးတွေ ကြုံတဲ့အခါမှာ ရတတ်တဲ့ စိတ်ပိုင်းဆိုင်ရာအကျိုးသက်ရောက်မှုတွေကို ဘယ်လိုပြန်ကုစားရမလဲဆိုတာကို အနည်းငယ်ပြောပြသွားမှာဖြစ်ပါတယ်။
❃ Short-term psychological impacts
• စိတ်ခြောက်ခြားတုန်လှုပ်ခြင်း
• ကြောက်ရွံနေခြင်း
• အကူအညီမဲ့နေသလို မသေချာမရေရာမှုတွေကို ခံစားရခြင်း
• အိပ်မပျော်ခြင်း
• အာရုံစူးစိုက်မှုလျော့နည်းလာခြင်း
• စိုးရိမ်စိတ်များခြင်း
• စိတ်ဖိစီးမှု၊ ပင်ပန်းတာတွေပိုများခြင်း (အထူးသဖြင့် အလုပ်ခွင်ဝင်ရသူတွေမှာ ဖြစ်တတ်ပါတယ်။)
ဒါတွေကတော့ ရေတိုမှာ ကြုံတွေ့ရတဲ့ သက်ရောက်မှုတွေပဲ ဖြစ်ပါတယ်။ အသက် ၄၀-၆၀ကြား လူတွေမှာ တွေ့ရပိုများတတ်ပြီး ကိုယ်လုပ်နေတဲ့အလုပ်မှာ အာရုံမစိုက်နိုင်တာမျိုး (ဥပမာ - ကျောင်းသားတွေဆိုရင် စာကိုအာရုံမစိုက်နိုင်တာမျိုး) ဖြစ်တတ်ပါတယ်။ ဒီအရာတွေက စိတ်ပိုင်းဆိုင်ရာကို မကောင်းတဲ့အကျိုးသက်ရောက်စေတာကြောင့် မပေါ့ဆသင့်ပါဘူး။
❃ Long-term psychological impacts
• Anxiety(စိုးရိမ်ကြောင့်ကြမှုလွန်ကဲတဲ့ ရောဂါ)
• Depression(စိတ်ကျရောဂါ)
• Post-Traumatic Stress Disorder(PTSD, စိတ်ဒဏ်ရာအရင်းခံ စိတ်ဖိစီးမှုရောဂါ)
စိတ်ကျရောဂါနဲ့ စိုးရိမ်ကြောင့်ကြမှု လွန်ကဲတဲ့ ရောဂါတွေကိုတော့ သုံးလလောက်အထိပဲ တွေ့ရတတ်ပါတယ်။ PTSDကို နည်းနည်းထပ်ရှင်းပြရမယ်ဆိုရင် သူက ထိတ်လန့်တုန်လှုပ်ဖွယ်အဖြစ်အပျက်တွေကြောင့် ရလာတဲ့ စိတ်ဒဏ်ရာကို အရင်းခံပြီးဖြစ်တာပါ။ ရောဂါလက္ခဏာတွေထဲမှာ နောက်ကြောင်းပြန်စဉ်းစားတာ၊ အိပ်မက်ဆိုးမက်တာ၊ အလွန်အမင်း စိုးရိမ်ပူပန်တာ၊ ကိုယ်ကြုံတွေခဲ့ရတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး အတွေးလွန်ကဲတာတွေ ပါဝင်ပါတယ်။ PTSDမှာ ထိန်းချုပ်လို့ မရဘဲ ထပ်တလဲလဲပေါ်လာတတ်တဲ့ မှတ်ဉာဏ်တွေရှိတာ၊ စိတ်ထိခိုက်စေတဲ့ အဖြစ်အပျက်ကို မတွေးဘဲမနေနိုင်တာ၊ အဆိုးမြင်တဲ့ စိတ်နဲ့ အတွေးအခေါ်တွေဖြစ်ပေါ်တာ၊ ခန္တာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာရဲ့ တုံ့ပြန်မှုတွေ ပြောင်းလဲတာဆိုပြီး အဓိက ရောဂါလက္ခဏာလေးမျိုးရှိပါတယ်။ လူအပေါ်မူတည်ပြီး အချိန်နဲ့အမျှ ရောဂါလက္ခဏာတွေ ပြောင်းလဲနိုင်ပါတယ်။
ဒါတွေကတော့ ရေရှည်မှာဖြစ်လာနိုင်တဲ့ ရောဂါတွေပါ။ ဒီဟာတွေအပြင် ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင်လုပ်ချင်တဲ့ အတွေးတွေလည်း ဝင်လာတတ်ပါတယ်။ အပေါ်မှာပြောခဲ့တဲ့ ရေတိုလက္ခဏာတွေအပြင် ဒီလက္ခဏာတွေပါ ပြနေပြီဆိုရင်တော့ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးအခြေအနေကို သေချာဂရုစိုက်သင့်ပါပြီ။
❃ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကျန်းမာလာဖို့ လုပ်ဆောင်နိုင်မည့် နည်းလမ်းတွေကို ကြည့်လိုက်ကြရအောင်လားနော်။
• ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို မြိုသိပ်မထားဘဲ ယုံကြည်ရတဲ့သူ တစ်ယောက်ယောက်ကို ရင်ဖွင့်ပါ (ဒီနေရာမှာ အသုံးဝင်နိုင်တာကတော့ Psychological First Aidဖြစ်ပါတယ်။ ကိုယ့်ဘေးကလူတွေ အတွက်ရော ကိုယ်ကိုယ်တိုင်အတွက်ပါ အသုံးဝင်တာမို့ The Blossomsကရေးပေးဖူးတဲ့ Psychological First Aidအကြောင်းကို အောက်က linkကနေ သွားရောက်ဖတ်ရှုနိုင်ပါတယ်။
https://www.theblossoms.org/blogs/psychological-first-aid-pfa-dukkhakyatatikyontwekheyathumyaaatwet-athonwinthaw-akuanyi
• အအိပ်ပျက် အစားပျက် မခံဘဲ နားချိန်လည်းနားပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ ကျောင်း၊ အလုပ်စတဲ့ ကိုယ့်ရဲ့ နေ့စဉ်ဘဝကိုလည်း ပြန်တည်ဆောက်ပါ
• အသက်ပြင်းပြင်းရှုတာ၊ တရားထိုင်တာ၊ ကိုယ်လက်လှုပ်ရှားတာ စတဲ့ စိတ်ကိုတည်ငြိမ်နိုင်စေတဲ့ အရာတွေကိုလုပ်ပေးပါ။ ကိုယ်ကြိုက်တဲ့အရာတွေကို လုပ်ဖို့လည်း အချိန်ပေးပါ
• မူးယစ်ဆေးဝါးသုံးစွဲတာ၊ အရက်သေစာသောက်တာတွေကိုလည်း ရှောင်ပါ။ စိတ်ဖိစီးမှုတွေကို ယာယီပဲသက်သာစေပြီး နောက်ဆက်တွဲဆိုးကျိုးတွေ များလွန်းလှပါတယ်
• ကိုယ့်ရဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်မပြတ်စေပါနဲ့
• ငလျင်သတင်းတွေကို လိုတာထက်ပိုကြည့်တာမျိုးကလည်း စိတ်ဖိစီးမှုတိုးစေလို့ social mediaသုံးတာကို လျှော့သင့်ပါတယ်
• ယုံကြည်စိတ်ချရတဲ့ သတင်းအရင်းအမြစ်တွေကနေပဲ သတင်းတွေကိုကြည့်ပါ
• ကိုယ့်စိတ်အခြေအနေက အတော်လေး ဆိုးနေမယ် ဒါမှမဟုတ် အချိန်ကြာကြာ အပေါ်မှာပြောခဲ့တဲ့ psychological impactsတွေကို ခံစားနေရမယ်ဆိုရင်တော့ ကျွမ်းကျင်ပညာရှင်တွေဆီက အကူအညီယူရပါမယ်
❃ Blossoms လေးတို့အတွက် စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး အခမဲ့ counselling & consultation ရယူနိုင်မယ့်နေရာတွေကိုလည်း ဆက်လက်ဖော်ပြပေးလိုက်ရပါတယ်။
📌Counselling Corner
https://www.facebook.com/share/1XcKiaKgSa/
📌Seit Mate Swe - mental health
https://www.facebook.com/share/159gQY3Gcx/
📌Being With You
https://www.facebook.com/share/16TH4icK6S/
📌Open Heart Mental Health Support
https://www.facebook.com/share/1M5eRpF7en/
📌Art of Healing
https://www.facebook.com/share/1DU1NSj1hG/
09 989809938
📌Counseling with Craton
https://www.facebook.com/share/161xhJU56w/
📌Jue Jue's Safe Space
https://www.facebook.com/share/19xKV33Dea/
📌My Therapist
https://www.facebook.com/share/1BoZEwAjXd/
📌Coach by Treasure
https://www.facebook.com/share/1ChTXGYbEN/
📌Live Laugh Love Care - စိတ်သာရှင်စော
https://www.facebook.com/share/18bv3N1Z2u/
📌အခမဲ့ပြည်သူ့ဆေးခန်း- FOC Teleclinic
https://www.facebook.com/share/18v16j2G7w/
(နံနက် 10နာရီမှ ည 10နာရီ)
09 880910012
09 761784684
09 769412699
09 697461953
09 789956928
ဒီလောက်ဆိုရင်တော့ အတော်စုံသွားပြီလို့ထင်ပါတယ်။ အဆုံးထိ ဖတ်ရှုပေးခဲ့တဲ့ Blossomsလေးတို့ကို အထူးကျေးဇူးတင်ပါတယ်။ ဒီနှစ်သစ်မှာတော့ ကျွန်မတို့အားလုံး အရင်နှစ်ကရခဲ့တဲ့ စိတ်ဒဏ်ရာတွေကို ပြန်လည်ကုစားနိုင်ပြီး ပိုအဆင်ပြေတဲ့နေ့ရက်တွေကို ဖြတ်သန်းနိုင်ရပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။