PSYCHOLOGY FIRST AID

Psychological First Aid (PFA) - ဒုက္ခအကြပ်အတည်းကြုံတွေ့ခဲ့ရသူများအတွက် အသုံးဝင်သော အကူအညီ

The Blossoms
The Blossoms 13 Apr 2025

ဒီနေ့မှာတော့ The Blossomsရဲ့ Medical Departmentကနေပြီး Psychological first aidအကြောင်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ ယခု ငလျင်ဘေးကြုံတွေ့ထားရသူတွေကို အကူအညီပေးချင်သူတွေ သိထားဖို့လိုအပ်တဲ့ အကြောင်းအရာဖြစ်ပါ‌တယ်။ ဆိုတော့ ဆက်ကြည့်လိုက်ရအောင်ပါ။

❋Psychological First Aid (PFA)ဆိုတာ ဘာလဲ❋

(PFAဟူ၍ပဲ ဆက်လက် သုံးနှုန်းသွားပါမယ်။) PFAဆိုတာ စိတ်ပူပင်သောကရောက်နေသူတွေ၊ အကူအညီလိုအပ်နေသူတွေကို စိတ်ပိုင်းဆိုင်ရာနဲ့ လက်တွေ့ကျတဲ့ အကူအညီပေးခြင်းဖြစ်ပါတယ်။ ဝေဖန်ပြစ်တင်ခြင်း လုံးဝမရှိဘဲနဲ့ စာနာနားလည်မှုအပြည့်နဲ့ ဆောင်ရွက်ပေးတာဖြစ်ပါတယ်။

ဒါပေမယ့် ရောဂါရှာဖွေခြင်း၊ ကုသမှုပေးခြင်း မဟုတ်ပါဘူး။

❋ဘယ်သူတွေက PFAကို လိုအပ်တာလဲ❋

- ပြင်းထန်တဲ့ ဖြစ်ရပ်ဆိုးတွေ၊ မတော်တဆဖြစ်ရပ်တွေကို ကြုံတွေ့လိုက်ရတဲ့ သူတွေ

- သဘာဝဘေးအန္တရာယ်ကို ခံစားခဲ့ရတဲ့သူတွေ

- ကိုယ်တိုင်ကြုံတွေ့လိုက်ရတာ မဟုတ်တောင် တစ်ဆင့်ပြန်မြင်ရ၊ ကြားရခြင်းကြောင့် စိတ်ထိခိုက်ခံစားနေရသူတွေ

- စိတ်ပူပင်သောကရောက်နေတဲ့လူတိုင်း PFAလိုအပ်နိုင်ပါတယ်။

❋ဘယ်လိုလူတွေက PFAပေးနိုင်လဲ❋

PFA trainingရထားတဲ့ ဘယ်သူမဆို ပေးနိုင်ပါတယ်။

❋ဘယ်လိုအချိန်မှာ PFA ပေးရမလဲ❋

- အပေါ်မှာပြောခဲ့တဲ့ ဖြစ်ရပ်တွေ ဖြစ်ပြီးပြီးချင်း ဒါမှမဟုတ် ဖြစ်ပြီးပြီးချင်း ရက်သတ္တပတ်၊ လပိုင်း အတွင်းမှာပေးနိုင်ပါတယ်။

- အတိတ်က နာကျင်စရာအဖြစ်အပျက်တွေကို ပြန်စဉ်းစားမိပြီး စိတ်သောကရောက်နေရင်လည်း ပေးနိုင်ပါတယ်။

❋ဘယ်နေရာမှာ PFA ပေးရမလဲ❋

- လုံခြုံမှုရှိတဲ့နေရာ

- သက်တောင့်သက်သာဖြစ်တဲ့ နေ့ရာ

- အခြားသူတွေ မြင်နိုင်ပေမယ့် မကြားနိုင်တဲ့နေရာမျိုးမှာ ပေးရပါမယ်။

❋သတိထားစရာများ!❋

- လူတိုင်း PFAကို မလိုအပ်ပါ

- PFAက counselling, stress managementပိုင်းကို ဖြေရှင်းပေးတဲ့ဟာမျိုးလည်း မဟုတ်ပါ

- PFAရယူနေတဲ့သူတွေကို သူတို့ကြုံခဲ့ရတဲ့ ဖြစ်ရပ်၊ ခံစားနေရတဲ့ခံစားချက်တွေကို အတင်းအကြပ်ပြောခိုင်းတာမျိုး လုပ်လို့မရပါ။ ကိုယ့်ကို ပြောပြသည်များကို စာနာနားလည်မှုရှိရှိနဲ့ နားထောင်ပေးပြီး အကူအညီပေးခြင်းသာ ဖြစ်ပါတယ်။

- PFAက တစ်ကြိမ်တည်း အကူအညီပေးတာမျိုးလည်း မဟုတ်ဘဲ တောက်လျှောက်စောင့်ကြည့်ပေးဖို့လည်း လိုအပ်ပါတယ်

❋PFA ဘယ်လိုပေးရမလဲ❋

အရေးပေါ်နေရာကို မသွားခင် သတင်းအချက်အလက် စုဆောင်းထားရပါမယ်။ (ဥပမာ၊ ဘာဖြစ်တာလဲ။ ဘယ်အချိန်/နေရာမှာ ဖြစ်ခဲ့တာလဲ။ ထိခိုက်ဒဏ်ရာရတဲ့လူ ဘယ်လောက်ရှိမလဲ။ စသည်)

ဒီအချက်ပြီးရင်တော့ အောက်ပါသုံးချက်အတိုင်း ဆက်လုပ်ရပါမယ်။

1. Look

အရေးပေါ်နေရာကို ရောက်တဲ့အခါမှာတော့

- ဘေးကင်းလုံခြုံမှု

- အရေးကြီးတဲ့ အခြေခံလိုအပ်များ ရရှိမှု

- ပြင်းထန်တဲ့ စိတ်သောကဖိစီးနေသူတွေရှိလား စတဲ့အချက်တွေကို ကြည့်ရပါမယ်။

ဘေးကင်းလုံခြုံမှု မရှိရင် ဘေးကင်းတဲ့နေရာကို ခေါ်သွားပြီး၊ အရေးကြီးတဲ့ အခြေခံလိုအပ်ချက်တွေ (အစားအစာ၊ရေ)ကို အရင်ဖြည့်ဆည်းပေးရပါမယ်။ အရမ်းပြင်းထန်တဲ့ စိတ်သောကဖိစီးနေသူတွေကိုတော့ ကျွမ်းကျင်ပညာရှင်တွေကိုပဲ လွှဲပေးသင့်ပါတယ်။

2. Listen

- များများနားထောင်ပြီး နည်းနည်းပြောပါ။

- survivorရဲ့ ခံစားချက်တွေကို အသိအမှတ်ပြုပေးပါ။

- Summary paraphraseလုပ်နည်းကို သုံးပါ။ (သူပြောတဲ့စကားအရ "ဒါဆို [ဒီလိုဖြစ်ခဲ့တာ]ပေါ့နော်။ ဟုတ်တာပေါ့။ ဘယ်လိုခံစားနေရလဲဆိုတာ နားလည်ပါတယ်။")

3. Link

- လိုအပ်နေတဲ့အရာတွေ (အစားအစာ၊ သောက်ရေ၊ အဝတ်အထည်၊ ဆေးဝါး)ကို ပေးပါ။ ကိုယ်ကမပေးနိုင်ရင် ပေးနိုင်မယ့်လူနဲ့ ချိတ်ဆက်ပေးပါ။

- ကိုယ့်ကို ဆက်သွယ်နိုင်မယ့်နည်းလမ်းရှာထားခဲ့ပေးပါ။ ပြီးတော့ နောက်ပိုင်းမှာလည်း စောင့်ကြည့်ပေးရပါမယ်။ ဒါမှမဟုတ် counselling centresစတဲ့ အချက်အလက်တွေကိုလည်း ပေးနိုင်ပါတယ်။

- ပျောက်နေတဲ့ အသိမိတ်ဆွေ၊ မိသားစုဝင်၊ ဆွေမျိုးတွေနဲ့ ပြန်လည်ချိတ်ဆက်နိုင်ဖို့ အကူအညီပေးပါ။ (ဒါပေမယ့် "အသက်ရှင်နေမှာပါ"လိုမျိုး ကိုယ်မလုပ်ပေးနိုင်တဲ့၊ သေချာမသိတဲ့ false hopeတွေ လုံးဝမပေးရပါ။)

❋PFAပေးရာမှာ မလုပ်ရမည့်အချက်များ❋

• ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်များကို ချိုးဖောက်ခြင်း

• အတင်းအကြပ် မေးခွန်းများမေးမြန်းခြင်း

• ဝေဖန်အပြစ်တင်ခြင်း

• လေးလေးစားစား မဆက်ဆံခြင်း

• စကားဝိုင်းကို လျင်လျင်မြန်မြန်အဆုံးသတ်ခြင်း

• အကူအညီရယူရန် အတင်းဖိအားပေးခြင်းတွေနဲ့

• "မငိုပါနဲ့"၊ "ပျော်ပျော်နေပါ"၊ "အကောင်းမြင်စိတ်ထားပါ"၊ "စိတ်အေးအေးထားပါ"၊ "အဆင်ပြေပါတယ်၊ ဒီလောက်ထိလည်းမဆိုးသေးပါဘူး"၊ "ကိုယ့်စိတ်ကိုယ်ထိန်းထားသင့်တယ်"၊ "အဆင်ပြေသွားမှာပါ"ဟူသော စကားတွေကိုလည်း လုံးဝမပြောရပါ

ဒီလောက်ဆိုရင်တော့ PFAအကြောင်းကို အ‌တန်အသင့် သိလောက်ပြီထင်ပါတယ်။ ကိုယ်က PFA Providerအနေနဲ့ အကူအညီပေးချင်တယ်ဆိုရင်တော့ ပညာရှင်တွေကပေးတဲ့ trainingတွေကို တက်ရပါမယ်။ PFAက သူများကိုပဲပေးတာမဟုတ်ဘဲနဲ့ ကိုယ့်ကိုယ်ကိုယ်အတွက်လည်း အသုံးဝင်ပါတာမို့ သိထားသင့်ပါတယ်။ အဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။