ငလျင်ဒဏ်သင့်နေတဲ့ နေရာတွေမှာ အဖြစ်များနေတဲ့ ရောဂါ

ငလျင်ဒဏ်သင့်နေတဲ့ နေရာတွေမှာ အဖြစ်များနေတဲ့ ရောဂါ

The Blossoms
The Blossoms 10 Apr 2025

မင်္ဂလာပါ။ The Blossoms Organisation ရဲ့ Medical Department က ငလျင်ဒဏ်ခံရသော ဒေသများမှာ အဖြစ်များနေတဲ့ ဝမ်းပျက်​ဝမ်းလျှောရောဂါကို ကာကွယ်ဖို့ သိသင့်သော အချက်အလက်များကို တိုတိုနဲ့လိုရင်းရောက်အောင် မျှဝေပေးသွားပါမယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါ၏ တရားခံများ

• မသန့်ရှင်းသော အစားအစာ​နှင့် ရေကို စားသောက်မိခြင်း

• ညစ်ညမ်းသောရေမှ ရေနေသတ္တဝါများအား စားသုံးမိခြင်း

• တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းသဖြင့် ရောဂါပိုးကူးစက်ခံရခြင်း

• antibiotics၊ ဝမ်းနှုတ်ဆေး၊ magnesium ပါဝင်သော ဖြည့်စွက်ဆေးများနှင့်  စိတ်ကျရောဂါသက်သာစေသော ဆေးများအား အလွန်အကြူး သုံးစွဲမိခြင်း

စတာတွေကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပေါ်နိုင်ပါတယ်။

သတိထားစရာ ရောဂါလက္ခဏာများ

• ဗိုက်အောင့်ခြင်း

• ဗိုက်ဖောင်းနေခြင်း

•  မူးဝေပျို့အန်ခြင်း

•  ဖျားနာခြင်း

• မစင်၌ သွေးနှင့် သလိပ်ပါခြင်း

• ရုတ်တရက် ဝမ်း အလွန်သွားချင်ခြင်း

စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်ပြီဆို ဝမ်းပျက်ဝမ်းလျှောရောဂါခံစားရတာ ဖြစ်ပြီး အမြန်ဆုံး ကုသမှုခံယူပါ။

ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အချိန် လူ့ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်မှုကိုဖြစ်ပေါ်စေပါတယ်။ ရေဓာတ်ခမ်းခြောက်မှု ဆိုးဝါးလာတာနဲ့အမျှ

•  အားအင်လျော့ပြီး သတိမရှိခြင်း

•  မျက်တွင်းချိုင့်ခြင်း

• ရေသောက်ဖို့ ခက်ခဲခြင်း

• ရေအလွန်အကျွံသောက်မိခြင်း

စတဲ့ နောက်ဆက်တွဲတွေ ဖြစ်လာပါတယ်။ ကလေးငယ်လေးတွေမှာ ဝမ်းပျက်ဝမ်းလျှောကြောင့် ရေဓာတ်ခမ်းခြောက်ခြင်း အပြင်

• ပါးစပ်ခြောက်သွေ့ခြင်း

•  102°F အထိ အဖျားတက်ခြင်း

• ငိုက်မြည်းခြင်း

• မျက်တွင်း၊ ပါးနဲ့ ဗိုက်တို့ ချိုင့်ဝင်ခြင်း

စတဲ့ လက္ခဏာတွေ ကြုံတွေ့ခံစားရတတ်ပါတယ်။

ကာကွယ်ရန်နှင့် ကုသရန် လုပ်ဆောင်ချက်များ

• ကျိုချက်ထားသော (သို့) ပိုးသတ်ထားသော ရေကိုသာ သောက်သုံးပါ၊ အသုံးပြုပါ

• မိမိ အသုံးပြုမည့်ရေ၏ သန့်ရှင်းမှုအား မသေချာသော် ကျိုချက်ပြီးမှ သုံးစွဲပါ

• သောက်သုံးရာတွင်သာမက သွားတိုက်ခြင်း၊ အဝတ်လျှော်ခြင်း၊ ဟင်းချက်ခြင်း၊ သစ်သီးဆေးခြင်း စသည်တို့၌ပင် ရေသန့်ကိုသာ သုံးပါ

• အစားမစားမီအချိန်၊ အိမ်သာအသုံးပြုပြီးအချိန်၊ ကလေးအနှီး ကိုင်တွယ်လဲလှယ်ပြီးအချိန်၊ အနာရောဂါရှိသူအား မထိတွေ့မကိုင်တွယ်မီနှင့် ထိတွေ့ကိုယ်တွယ်ပြီးအချိန် စသည့် အချိန်အခါများ၌ လက်ကို ကောင်းစွာတ ဆပ်ပြာနှင့်တကွ ဆေးကြောပါ

• တွေ့ကရာနေရာ၌ မစင် မစွန့်ဘဲ ယင်လုံအိမ်သာကိုသာ အသုံးပြုပါ

•  ဇွန်း၊ ခရင်း၊ အသုံးအဆောင်နှင့် အစာပြင်ဆင်သော နေရာများကို ဆပ်ပြာနှင့် ဆေးပေးပြီး အမြဲသန့်စင်အောင် ထားပါ

• သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များကို ရေသန့်နှင့်သာ ကောင်းစွာဆေးကြောပြီးမှ စားသုံးပါ

• အသား၊ ငါး စသည်တို့ကို ကောင်းမွန်စွာ ကျက်သည်အထိ ချက်ပြုတ်ပြီးမှ သုံးဆောင်ပါ

• နေပူထဲ ကြာရှည်စွာရှိနေပြီးသော ပုပ်သိုးလွယ်သည့်အစားအစာများ၊ အရောင်အဆင်း မူမမှန်သော အစာအစားများ၊ ပျက်စီးယို့ယွင်းပြီး ဘူးမလုံသော အစာသွပ်ဘူးများ နှင့် ဖွင့်လိုက်လျှင် အနံ့ဆိုးနှင့် အမြုပ်ထွက်သော အစာသွပ်ဖူးများအား မစားသုံးသင့်ပါ

• မည်သည့် အစားအစာကိုမျှမဆို စမ်းသပ်စားသုံးခြင်းဖြင့် စားသောက်ရန်သင့်သည်၊ မသင့်သည်ဆုံးဖြတ်ခြင်းမျိုး မပြုလုပ်သင့်ပါ

မှတ်ချက်။ ။ ယခုအခါမှာ ငလျင်ဒဏ်ကြောင့် မိလ္လာစနစ်များ ထိခိုက်ခြင်း၊ အမှိုက်သရိုက်နှင့် အညစ်အကြေးများ ရေအရင်းမြစ်များထဲကို ရောက်ရှိသွားခြင်း တို့ကြောင့် ရေထဲတွင် ရောဂါပိုးမျိုးစုံ ရောထွေးပါဝင်လာနိုင်သဖြင့် မိမိသောက်သုံးသောရေကို အထူးသတိပြုရပါမယ်။

➢ သောက်သုံးဖို့ သင့်တော်ရန်အတွက် ရေကျိုနည်း

မိမိလိုသလောက် ရေပမာဏကို အိုးအတွင်းဖြည့်၍ မီးဖိုပေါ်  ရေပွက်ပွက်ဆူသည်အထိ အပူပေးတင်ထားပါ။ ရေပွက်ပွက်ဆူတာ ၁မိနစ်ကြာလျှင် မီးပိတ်ပြီး သောက်သုံးရန်အတွက် သင့်တော်ပါပြီ။

➢ သောက်သုံးဖို့ သင့်တော်ရန်အတွက် ပိုးသတ်နည်း

အသုံးပြုမည့် ရေသည် ကြည်လျှင် ၁ ဂါလံ ကို အနံ့မပါသော အိမ်သုံး ကလိုရင်း အရောင်ချွတ်ဆေး (bleach) ၈ စက်ထည့်၍ မိနစ် ၃၀ မျှ သိပ်ထားပြီးမှ သုံးစွဲပါ။ ရေမကြည်သော် ၁ ဂါလံ ကို အနံ့မပါသော  ကလိုရင်း အရောင်ချွတ်ဆေး ၁၆ စက် ထည့်ပြီး မိနစ် ၃၀ မျှ သိပ်ထားပြီးမှ သုံးစွဲပါ။ 

➤ ကုသမှုခံယူနိုင်သည့် နေရာများ

ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီဆိုတာနဲ့ ဓါတ်ဆားရေ (သို့) သောက်ရေသန့် သင့်တင့်စွာ မှီဝဲပြီး ရေဓါတ်မခန်းခြောက်အောင်နေပါ ပြီးတော့ နီးစပ်ရာဆေးရုံ၊ ဆေးခန်းများတွင် ကုသမှုကို ခံယူပါ။

တစ်ခု သတိမူစေချင်တာလေးက ရေထဲကိုဖြစ်စေ၊ ကုန်းပေါ်ကိုဖြစ်စေ စည်းကမ်းမဲ့ အမှိုက်ပစ်ခြင်းကြောင့် မိမိကိုယ်ရော အခြားသူတွေကိုရော ရောဂါပေါင်းစုံပေးနိုင်တာကြောင့် မိမိရဲ့ အမှိုက်သရိုက်တွေကို ဖြစ်ကတတ်​ဆန်း မပစ်ဘဲ စည်းနဲ့ကမ်းနဲ့ပစ်ပါ။ စည်းကမ်းမဲ့ပစ်သူများကိုလည်း အဲလိုမလုပ်ဖို့တားမြစ်ပါလို့ တိုက်တွန်းအပ်ပါတယ်။

ဒီ post လေးဖတ်ပြီး ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ရအောင် ဘယ်လို နေထိုင်ရမလဲဆိုတာ သိပြီလို့ မျှော်လင့်ပါတယ်။ အစစအရာရာ ဂရုစိုက်ပါလို့ သတိလေးပေးရင်း ဆုတောင်းမေတ္တာများကို The Blossoms Family က ပို့သပေးလိုက်ပါတယ်။