လေဆင်နှာမောင်းတိုက်ရင် ဘာလုပ်မလဲ

လေဆင်နှာမောင်းတိုက်ရင် ဘာလုပ်မလဲ

The Blossoms
The Blossoms 18 Apr 2025

"သတိဆို ပိုသည်မရှိ" ဆိုတဲ့ စကားလေး ကြားဖူးကြမှာပါ။ မြန်မာနိုင်ငံမှာ လေဆင်နှာမောင်းဖြစ်တာရှားသော်ငြားလည်း သတိဟူသည် ပိုသည်မရှိတာကြောင့် အရေးအကြောင်းဆို ကာကွယ်ပြင်ဆင်နိုင်ဖို့ The Blossoms ရဲ့ Medical Department က လေဆင်နှာမောင်းနှင့် ပတ်သက်ပြီး သိသင့်သိထိုက်တာများကို မျှဝေပေးသွားပါမယ်။

• အဆောက်အအုံအတွင်း၌ ရှိလျှင်လေဆင်နှာမောင်းဒဏ်မှ ရှောင်တိမ်းနည်း

လေဆင်နှာမောင်းတိုက်ချိန် အဆောက်အဦးတစ်ခုအတွင်း၌ ရှိနေပါက ထိုအဆောက်အဦးရဲ့ အောက်ဆုံးအထပ် (ဥပမာ မြေအောက်ခန်း သို့မဟုတ် မြေညီထပ်) သို့သွားကာ အဆောက်အဦး၏ အောက်ခြေဆုံးအထပ်ရှိ ခိုင်ခံ့သော စားပွဲအောက်တွင်ဖြစ်စေ လေဝင်ပေါက်နည်းသော အိမ်သာ၊ ရေချိုးခန်း များ၌ဖြစ်စေ တိမ်းရှောင်သင့်ပါတယ်။ လေဆင်နှာမောင်းတိုက်လျှင် တံခါးများနှင့် ပြတင်းပေါက်များအား တင်းတင်းပိတ်ထားပါ၊ လုံးဝမဖွင့်ထားပါနှင့်။ ပြီးလျှင် ၎င်းတို့နှင့် ဝေးရာမှာ ပုန်းပါ။ မိမိ၏ ဦးခေါင်းကို ခေါင်းအုံး ကဲ့သို့သော အရာတစ်ခုခုနှင့် ကာကွယ်ထားပါ၊ အကယ်၍ ဦးခေါင်းကို အကာအကွယ်ပေးနိုင်သော လုပ်ငန်းခွင်သုံး ဦးထုပ်ရှိပါက ၎င်းအား ဆောင်းထားပါ။

• ယာဥ်အတွင်း (သို့) အဆောက်အအုံပြင်ပ၌ ရှိလျှင် လေဆင်နှာမောင်းဒဏ်မှ ရှောင်တိမ်းနည်း

ယာဉ်တစ်စီးထဲ၌ လေဆင်နှာမောင်းဖြစ်ချိန်တွင် ရှိနေပါက ယာဥ်ထဲ၌ လုံးဝ ပုန်းဝပ်ခြင်း မပြုရပါ။ယာဉ်ထဲမှ ချက်ချင်းထွက်ပြီး အနီးရှိ ခိုင်ခံ့သော အဆောက်အဦးတစ်ခု၌ ခိုလှုံပါ။ အဆောက်အအုံပြင်ပ​သို့ ရောက်နေပါကလည်း ထိုနည်းတူပြုပါ။

အကယ်၍ ခိုလှုံရန်နေရာ မရှိပါက အနီးရှိ ချိုင့်ဝှမ်း သို့မဟုတ် မြေနိမ့်ရာနေရာတွင် ပက်လက်လှဲကာ ခေါင်းအား လက်ဖြင့် ကာကွယ်ပါ။ တံတားအောက်များ၊ လမ်းကျော်တံတားအောက်များ၊ သစ်ပင်အောက်များတွင် မခိုလှုံပါနှင့်။

• လေဆင်နှာမောင်းဖြစ်လျှင် သတိထားရမည်များ

လေဆင်နှာမောင်းများသည် အလွန်အင်အားကြီးနိုင်ပြီး မော်တော်ယာဥ်များအား လေထဲသို့ လွင့်ပျံစေနိုင်ခြင်း၊ နေအိမ်များအား ပြိုကျပျက်စီးစေခြင်း စသော ပျက်စီးမှုအများအပြားကိုပင် ဖြစ်စေနိုင်ပါတယ်။ ထိုအခါ လေထဲသို့ အရာဝတ္ထုများစွာ လွင့်စင်လာပြီး ၎င်းတို့မှာ လူသားများအား ထိခိုက်မှုအများဆုံး ဖြစ်စေပါတယ်။

တိုက်အိမ်များ ပြိုလဲခြင်း၊ အထပ်မြင့်မှပစ္စည်းများ ပြုတ်ကျလာခြင်းတို့မှ အရိုးကျိုးခြင်း၊ ခေါင်းပေါက်ခြင်း စသဖြင့် ထိခိုက်အနာတရ ဖြစ်နိုင်ပြီး လေထဲရှိ ပျံဝဲနေသောအပိုင်းအစများကြောင့် အသားရှမိခြင်း၊ အသားပဲ့ခြင်း စသည်တို့လည်း ဖြစ်နိုင်ပါတယ်။ ထိခိုက်အနာတရဖြစ်ပါက ရောဂါပိုးဝင်နိုင်သဖြင့် အမြန်သန့်စင်ကာကွယ်မှုပြုလုပ်ပေးပါ။ ထို့အပြင် လေထဲ၌ ဖုန်ကြောင့် ဓာတ်မတည့်ခြင်း ဖြစ်နိုင်ပါတယ်။ asthma ရှိသူများအနေဖြင့် ကိုယ်လုံအောင် ၀တ်ဆင်ခြင်း၊ ဆေးဝါး၊ inhaler အသင့်ပြင်ထားခြင်း စသဖြင့် အထူးဂရုစိုက်ပြင်ဆင်ထားသင့်ပါတယ်။

ပျံသန်းလာသော အမှိုက်သရိုက်များကြောင့် အသက်ဆုံးရှုံးမှုနှင့် ဒဏ်ရာရမှုအများဆုံး ဖြစ်ပွားလေ့ရှိသဖြင့် လေဆင်နှာမောင်းတိုက်စဥ်နှင့် တိုက်ပြီးစအချိန်တို့၌ ခိုင်မာကာ လုံခြုံစိတ်ချရသော အဆောက်အအုံအတွင်း ခိုလှုံကာ အကာကွယ်ယူသင့်ပါတယ်။

အခုဆို မိမိကိုယ်ကို ကာကွယ်ဖို သိသင့်သလောက် အကျဥ်းချုပ်ကို သိရှိသွားပြီလို့ မျှော်လင့်ပါတယ်။ အဆုံးထိဖတ်ရှူပေးသည့်အတွက် ကျေးဇူးများစွာ တင်ရှိပြီး ဘေးအန္တရာယ်အမျ်ိုးမျိုးမှ ကင်းဝေးလွတ်ငြိမ်းရပါစေဟု ဆုမွန်ကောင်းပို့သလျက်။